28 January 2009

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်

ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉

တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင်
လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း

အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။

လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။

ခေတ်ပြိုင်ဝဘ်ဆိုက်မှတဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

1 comments :

ကောင်းတယ်ဗျာ

လူထု လူထု အော်နေပြီး

လူထုတွေထွက်လာတော့ .. အင်း ဘာလုပ်နေကြလဲမသိဘူးဗျာ

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။