22 August 2008

ကြိုးစားနိုင်ဖို့

နိုင်ငံခြားပညာ သွားသင်ဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သလဲ......
နိုင်ငံခြားပညာသင်သွားဖို့ ကြံရွယ်ကြိုးစားနေသူ အများစုဟာ ဘွဲ့ ရစ ဒါမှမဟုတ် ကျောင်းပြီးခါနီး လူငယ်လူရွယ်လေးတွေ ဖြစ်ကြပါတယ်။ ဆယ်တန်းအောင်ပြီးစနဲ့ ဒါအောက်ငယ်တဲ့ ကလေးတွေကတော့ သွားဖို့လာဖို့ စိတ်မရဲ သေးတာနဲ့၊ မိဘတွေက လွှတ်ဖို့စိတ်မချတာနဲ့ဆိုတာတွေကြောင့် အသွားနည်းပါတယ်။ နိုင်ငံရပ်ခြားမှာ ဆွေမျိုးရင်းချာ ရှိလို့သွားတာ မျိုးကျတော့လည်း တစ်ဖက်က ဆွေမျိုးရင်းချာများရဲ့ အကြံပေးမှု၊ ကူညီ ဆောင်ရွက်ပေးမှုတို့ ရှိတာကြောင့် ထွေထွေထူးထူး မလိုအပ်ကြပါဘူး။ ဒါကြောင့် ဘွဲ့ရပြီး လူငယ်များအတွက်ပဲ ပြောပါမယ်။
ရှေးကတော့ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ဆရာဝန်တွေနဲ့ အင်ဂျင်နီယာတွေသာ အသွားများကြပါတယ်။ ဒီနေ့ခေတ်တော့ တခြား ပညာရပ် ဆည်းပူးလိုသူတွေပါ သွားကြပါတယ်။ နိုင်ငံခြားတိုင်းပြည်များကလည်း ဒီဘက်ပိုင်းမှာ ဆရာဝန်၊ အင်ဂျင်နီယာတွေကို တယ်ပြီး ဗီဇာမပေးချင်ကြတော့ပါဘူး။ အဓိက အကြောင်းရင်းကတော့ ဆရာဝန်၊ အင်ဂျင်နီယာတွေက ဟိုရောက်သွားပြီးရင် ပြန်မလာကြတာ များတဲ့အတွက် ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကလည်း မြန်မာပြည်မှာ လူသိမများလို့ သိပ်ပြီးမသင်ယူကြတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ပညာရပ်တွေကို ပိုပြီး သင်ယူစေချင်တဲ့ သဘော ဖြစ်ပါတယ်။ ဥပမာ-လူထုကျန်းမာရေးမဟာဘွဲ့ (MPH) ၊ အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ဝါဒရေးရာတွေနဲ့ ပတ်သက်တဲ့ အမ်ပီအေ၊ အမ်ပီပီလိုဘွဲ့တွေ၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေးပညာ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးပညာ စတဲ့ဘာသာရပ်တွေ ဖြစ်ပါတယ်။

ဒီဘာသာရပ်ဆည်းပူးလိုသူတွေဆိုရင် သက်ဆိုင်ရာ သံရုံးတွေက ဗီဇာ လိုလိုချင်ချင် ပေးလေ့ရှိရုံမက ပညာသင်ဆု (စကောလားရှစ်) ပေးလိုတဲ့ တက္ကသိုလ်တွေနဲ့ ဂျပန်တိုယိုတာ ဖောင်ဒေးရှင်း၊ ကမ္ဘာ့ဘဏ်၊ အေဒီဘီ စတဲ့စတဲ့ အဖွဲ့အစည်းတွေလည်း အတော်များများ ရှိကြပါတယ်။ တက္ကသိုလ်တွေကို စာရေးပြီး ဝင်ခွင့်ပုံစံတွေ တောင်းလိုက်တာနဲ့ လိုအပ်တဲ့ ကျောင်းစာရွက် စာတမ်းတွေ၊ စကောလားရှစ် လျှောက်ထားနိုင်တဲ့ ပုံစံတွေပါ ပို့ပေးကြပါတယ်။ အင်တာနက်ခေတ်မှာ ဘယ်နေရာမှာမှကြားလူ၊ ကြားပွဲစား မလိုအပ်ပါဘူး။ ကျောင်းလျှောက်လွှာလည်း အင်တာနက်က (အွန်လိုင်း) လျှောက်လို့ရပါတယ်။ အရေးကြီးတာက မျက်စိဖွင့်ထား၊ နားစွင့်ထားဖို့သာ ဖြစ်ပါတယ်။

အဲဒီလို ကျောင်းလျှောက်လွှာတွေ တင်ဖို့အတွက် အမေရိကန်နဲ့ တခြားတက္ကသိုလ်များက အသိအမှတ်ပြုတဲ့ တိုဖဲလ်နဲ့အိုင်အက်လ်တ် (IELTS) အမှတ်ကောင်းကောင်းရဖို့ ပထမအဆင့် ကြိုးစားရပါလိမ့်မယ်။ တော်ရုံကောလိပ်တွေအတွက် တိုဖဲလ် ၄၅ဝ နဲ့၅ဝဝကြား IELTSက(၆)မှတ်ရဖို့ လိုပါတယ်။ တိုဖဲလ် ၆ဝဝ ကျော်နဲ့ အင်္ဂလိပ်စနစ်IELTS(၇)မှတ်အထက် ရမယ်ဆိုရင် ပညာသင်ဆု (စကော လားရှစ်) ရဖို့ အတော်ကြီးသေချာပါတယ်။ ဒီအမှတ်မျိုးနဲ့ကျောင်းသားကို တက္ကသိုလ်ကြီးတွေကတောင် ပညာသင်ဆုကို လိုလိုချင်ချင်နဲ့ ပေးတတ်ကြပါတယ်။ဝေးဝေးလံလံ လိုက်ရှာဖို့တောင် မလိုပါဘူး။

ပညာသင်ဆုရလို့ကတော့ မိဘက ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုပါဘူး။ ပညာသင်ဆုက ကျောင်းစရိတ်၊ စာအုပ်စာတမ်းဖိုး၊ နေစရိတ်၊ စားစရိတ် အပြင် လစဉ်သုံး မုန့်ဖိုးပါ ထည့်တွက်ပြီး ပေးကြတာမို့ အဆင်ပြေပါတယ်။ တချို့နိုင်ငံက ဆိုလေယာဉ်စရိတ် အသွားအပြန်ပါ ပေးကြပါတယ်။ ကိုယ်ကတို ဖဲလ် ၆ဝဝကျော်ကျော် ရအောင်ကြိုးစားနိုင်ဖို့ပဲ လိုပါတယ်။ အမေရိကန် တချို့တက္ကသိုလ်တွေက တိုဖဲလ် ၅၅ဝ လောက်ဆို လက်ခံပေမယ့် စင်္ကာပူတက္ကသိုလ်ကြီးနှစ်ခုကတော့ အနိမ့်ဆုံးကို အမှတ်၆ဝဝ ရမှလက်ခံပါတယ်။ အမှတ်၆ဝဝကျော်ရတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေ တော်တော်များများ ရှိကြပါတယ်။ ကြိုးစားရင် မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ပိုက်ဆံမရှိလည်း ပညာတော်ရင် နိုင်ငံခြားပညာသွား သင်လို့ရပါတယ်။ကိုယ်က တော်အောင် ချွန်အောင် ကြိုးစားဖို့ပဲလိုပါတယ်။

မှတ်ချက်။ ။အခွှင့်အလမ်းဂျာနယ်မှကိုလူလှရဲ့ဆောင်းပါးကိုပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။


0 comments :

Post a Comment

Related Posts with Thumbnails

international TVs

စိတ်ဝင်စားစရာတီဗွီချယ်နယ်လ်တစ်ခုခုမှာတွေ့ရင် အဲဒီတီဗွီအကွက်ပေါ်ကို Cursor လေးတင်လိုက်တာနဲ့ သတင်းအချက်အလက်ခေါင်းစဉ်လေးထွက်လာပါလိမ့်မယ်။ ကလစ်လုပ်၇င်တော့မူလအဲဒီတီဗွီချယ်နယ်ဆိုက်ကတီဗွီကိုစကရင်မ် ကြီးနဲ့သွားရောက်ကြည့်ရှုလို့ရပါပြီ။